ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်သို့

မောင်သာ(ရှေးဟောင်းသုတေသန)

 

အေးမြသောရာသီဥတုနှင့်အတူ တောတောင်သဘာဝရှုခင်းများကြောင့် အလွန်သာယာလှပသည့် ရှမ်းပြည်နယ်၏ မြောက်ပိုင်းဒေသ သို့ သီပေါမြို့မှ တစ်ဆင့်မှ မော်တော်ကားဖြင့်သွားရောက်ခဲ့ရာ လမ်းများက အထူးကောင်းမွန်သဖြင့် ယခင်ကကဲ့သို့အချိန် အလွန် ကြာမြင့်စွာ မမောင်းနှင်ရဘဲ မူဆယ်မြို့သို့ရောက်ရှိခဲ့ပါသည်။မိမိတို့အဖွဲ့ရှမ်းပြည်နယ်မြောက်ပိုင်းသို့ရောက်ရှိချိန်သည် ဆောင်း ရာသီကုန်လုနီးဖြစ်သဖြင့် အလွန်အေးချမ်းခြင်းမရှိခဲ့ချေ။

            မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးများအနက် အကြီးဆုံးဖြစ်သည့် ရှမ်းပြည်နယ်သည် ဧရိယာ ၆၀၁၅၅ ဒသမ ၂၀ စတုရန်းမိုင်ကျယ်ဝန်း၍ တြိဂံပုံတည်ရှိနေသည့် ရှမ်းပြည်နယ်ကို အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟုပိုင်းခြားထားရာ ရှမ်းပြည် နယ်၏ မြို့တော်သည် တောင်ကြီး၊ ပြည်နယ်မြောက်ပိုင်းမြို့တော်သည် လားရှိုးနှင့် ပြည်နယ်အရှေ့ပိုင်းမြို့တော်သည် ကျိုင်းတုံဖြစ် သည်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရိုင်၊မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့်ကျေးရွာဦးရေစာရင်းချုပ်အရ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ခရိုင် ၇၄ ခရိုင်၊ မြို့နယ် ၃၃၀၊  မြို့ ၄၄၄ မြို့၊ ရပ်ကွက် ၃၃၁၈ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၃၅၈၉ အုပ်စု နှင့် ကျေးရွာ ၆၃၈၃၆ ရွာရှိသည့်အနက် ရှမ်းပြည်နယ်တွင် ခရိုင် ၁၃ ခု ၊ မြို့နယ် ၅၅ ခု၊ မြို့ ၈၅ မြို့၊ ရပ်ကွက် ၅၀၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅၆၆ အုပ်စုနှင့်ကျေးရွာ ၁၄၃၃၄ ရွာပါဝင်သည်။ ရှမ်းပြည်နယ် မြောက်ပိုင်း၌ ခရိုင် ၇ ခရိုင်နှင့် မြို့နယ် ၂၄ ခု ရှိသည့်အနက် မူဆယ်ခရိုင်တွင် မူဆယ်မြို့နယ်၊ကွတ်ခိုင်မြို့နယ်နှင့်နမ့်ခမ်း မြို့နယ် တို့ပါဝင်သည်။

 

မြန်မာနိုင်ငံ အရှေ့မြောက်ဖျားသို့           

            ရှမ်းပြည်နယ်မြောက်ဘက်အစွန်တွင်တည်ရှိသည့် မူဆယ်မြို့သည် မြန်မာနိုင်ငံ၏ အရှေ့မြောက်ဖျားဒေသဖြစ်ကာ ရန်ကုန် မြို့မှ မော်တော်ကားလမ်းအတိုင်း ကီလိုမီတာ ၁၀၆၀ ကွာဝေးသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့် လှစ်ထားသည့် မူဆယ်မြို့သို့ မန္တလေး၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ နောင်ချို၊ သီပေါ၊ လားရှိုး ၊ သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များကို ဖြတ် သန်းသွားရပြီး ရန်ကုန်မှ လားရှိုးသို့ ၈၈၇ ကီလိုမီတာ၊ လားရှိုးမှ ကွတ်ခိုင်သို့၇၅ ကီလိုမီတာနှင့် ကွတ်ခိုင်မှမူဆယ်သို့ ၉၈ ကီလိုမီတာ မောင်း နှင်ရပေသည်။

            ဒေသသမိုင်းအကျဉ်းအရ  မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်အထိ ယခုမူဆယ်မြို့တည်နေရာသည် ဆူးပင်နှင့်ချုံများ ကျိုးတိုး ကျဲတဲပေါက်နေသည့် တောင်ကုန်းတောင်စွယ်တစ်ခု အဖြစ်တည်ရှိခဲ့သည်။ယင်းနေရာ၏တောင်ဘက်ရှိ နမ့်လိုင်နှင့်မန့်ဟန်၊ အရှေ့ ဘက်ရှိ နမ့်ခုတ်နှင့် နမ့်ပန်ကျေးရွာတို့တွင် နေထိုင်ကြသူများသည် မိုင်းမော(ရွှေလီ)ဈေးသို့သွားကြရာတွင် ယင်းနေရာ၌ ခရီးတစ် ထောက်နားလေ့ရှိခဲ့ကြသည်။ထို့ကြောင့် ယင်းနေရာမှ အနောက်ဘက်ရှိ ကောင်းဟိုခမ်းရွာမှ ခွန်ပန်ခမ်းအမည်ရှိ စော်ဘွားနွယ် တစ် ဦးသည် မုံးကိုး၊ မိုင်းမော၊ ဟတ်တင်၊ဈေးစွန် အနီးတစ်ဝိုက်မှ လူများကိုစည်းရုံး၍ ယခုမူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ ပရိတ်စင် အနီး ၀န်းကျင်၌ ရွာတစ်ရွာကို ထူထောင်ခဲ့ရာ အိမ် ရှစ်လုံးရှိခဲ့သည်။(ယခုအခါ၌ မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် အိမ်ထောင်စု ၁၇၃၇ စုရှိ ၍လူဦး ရေ ၈၃၈၈ ဦး နေထိုင်လျက်ရှိသည်။)

            ယင်းနေရာ၌ အိမ်ခြေများတိုးတက်များပြား၍ စည်ကားလာချိန်တွင် ခွန်ပန်ခမ်းကို မြို့စားအဖြစ် တင်မြှောက်၍ ကျေးရွာကို မူစယ်ဟု အမည်ပေးခဲ့သည်။ရှမ်းဘာသာစကား မူစယ်သည် စည်ကားသောမြို့ဟု အဓိပ္ပာယ်ရှိကာ ကာလကြာမြင့်ချိန်ဝယ် မူစယ်မှ မူဆယ်သို့ ပြောင်းလဲခဲ့သည်။

            လက်ရှိ မူဆယ်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၂ မိုင်၊ တောင်မှ မြောက်သို့ ၂၆ မိုင်ရှည်လျား၍ ၅၈၀ ဒသမ ၅၇ စတုရန်းမိုင်ကျယ်ဝန်းသည်။မူဆယ်မြို့နယ်သည် အရှေ့ဘက်နှင့်မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အနောက်ဘက်တွင်

နမ့်ခမ်းမြို့နယ်၊တောင်ဘက်တွင်ကွတ်ခိုင်မြို့နယ်နှင့်နယ်နိမိတ်ထိဆက်နေသည်။မူဆယ်မြို့နယ်နှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ်မှ ၀မ်တိန်၊ မန်ဟိုင်း၊ ကျယ်ဂေါင်မြို့တို့ ထိဆက်နေသည့် နယ်စပ်မျဉ်းသည် ၆၂ ဒသမ ၁၁ မိုင် ရှည်လျားသည်။

            တောင်ကုန်းတောင်တန်းများ ပေါများသည့် မူဆယ်မြို့နယ်တွင် စိစီဝမ်တာပန်တောင်တန်း၊ ပန်လုံ တောင်တန်းနှင့် လွယ် တန်ပန်တောင်တန်းတို့သည် အထူးထင်ရှား၍ ရွှေလီမြစ်သည် မူဆယ်မြို့နယ်အတွင်း၌ မြောက်မှတောင်သို့ စီးဆင်းလျက်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၇၀၀ မြင့်သည့် မူဆယ်မြို့နယ်၏အပူချိန်သည် ငါး ဒီဂရီစင်တီဂရိတ်နှင့် ၃၅ ဒီဂရီ စင်တီဂရီတ် အကြားတွင်ရှိ၍လွန်ခဲ့သည့် ခြောက်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၈၄ လက်မ ရွာသွန်းခဲ့သည်။

            မူဆယ်မြို့နယ်ကို မြို့ ၄ မြို့(မူဆယ်၊ မုံးကိုး၊ မန့်ဟီးရိုးနှင့် ပန်ဆိုင်း)၊ ရပ်ကွက် ၂၄ ခု၊ ကျေးရွာ အုပ်စု ၅၂ အုပ်စု၊ ကျေးရွာ ၂၈၀ ဖြင့် ဖွဲ့စည်းထားကာ မြို့နယ်လူဦးရေ ၁၅၂၉၁၁ ဦးအနက် ရှမ်းလူမျိုးများက ၃၉ ဒသမ ၂၅ ရာခိုင်နှုန်း(၆၀၀၂၅ ဦး) ရှိသဖြင့် အများဆုံးဖြစ်သည်။မြို့နယ်လူဦးရေ၏ ၆၈ ဒသမ ၅၀ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ၁၇ ဒသမ ၄၆ ရာခိုင်နှုန်းက ခရစ် ယာန်ဘာသာကို ကိုးကွယ်ကြသည်။

            စီးပွားရေးဖွံ့ဖြိုးကောင်းမွန်သည့် မူဆယ်မြို့နယ်တွင် နေထိုင်ကြသည့်ပြည်သူများသည် ၀န်ဆောင်မှုနှင့်စိုက်ပျိုးရေးလုပ်ငန်း ဖြင့် အဓိကအသက်မွေးမြူကြပြီး အစေ့ထုတ်ပြောင်းကို အများဆုံးစိုက်ပျိုး၍ ကျယ်ဂေါင်သို့တင်ပို့ရောင်းချကြသည်။စပါး၊မြေပဲ၊ ကြံ နှင့် နှစ်ရှည်သီးနှံပင် အချို့ကိုလည်းစိုက်ပျိုးထုတ်လုပ်သည်။၂၀၁၇-၂၀၁၈ ခုနှစ်တွင် မူဆယ်မြို့နယ်၏ဆန်ဖူလုံမှုသည် ၁၁၁ ဒသမ ၆၀ ရာခိုင်နှုန်းဖြစ်သည်။

            ဒေသအတွင်း၌ နေထိုင်ကြသည့် ကျောင်းသားကျောင်းသူများ အခြေခံပညာသင်ယူနိုင်ရန် မူဆယ်မြို့နယ်တွင် အထက် တန်းကျောင်း ၇ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၅ ကျောင်း၊အလယ်တန်းနှင့်အလယ်တန်းကျောင်းခွဲ ငါးကျောင်း၊ မူလတန်း လွန်နှင့် မူလတန်းကျောင်း ၆၅ ကျောင်း ဖွင့်လှစ်ထားသကဲ့သို့ ဒေသနေပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပေးရန်ကုတင် ၁၀၀ ဆန့် မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံ၊ ၁၆ ကုတင်ဆန့် အစိုးရဆေးရုံ ၄ ရုံ၊ ဆေးပေးခန်း နှစ်ခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခု ကို ဖွင့်လှစ်ထားသည်။

            မူဆယ်မြို့၊ဟိုမွန်ရပ်ကွက်ရှိ မဟာသန္တိသုခရပ်တော်မူဘုရားနှင့်သဗ္ဗညု စုမ့်မိုင်းစေတီ၊ တောင်ရပ်ကွက်ရှိ ရွှေသမင်စေတီ၊ မုံးကိုးမြို့ရှိ ရတနာမုနိစေတီနှင့်မန့်ဟီးရိုးမြို့ရှိ ရန်တိုင်းအောင်စေတီတို့သည် မူဆယ်မြို့နယ်၏ထင်ရှားသော ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အအုံများဖြစ်ကြသည်။

            မူဆယ်မြို့သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ မြန်မာနိုင်ငံအနှံ့မှ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိနေပြီး

မူဆယ်မြို့သို့ ရောက်ရှိလာကြသူများတည်းခိုနိုင်ရန် ပုဂ္ဂလိကပိုင် ဟိုတယ် ၁၁ လုံး(အခန်းပေါင်း ၄၈၂ ခန်း)၊ မိုတယ် တစ်လုံး နှင့် တည်းခိုခန်း ၆၅ ခန်း ဖွင့်လှစ်ထားသည်။

နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးမှုကြောင့် မူဆယ်မြို့သို့သွားသည့်လမ်းတစ်လျောက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှင့် ကုန်သွယ်သည့် ပို့ကုန်သွင်းကုန် မော်တော်ယာဉ်များကို မြင်တွေ့ကြရပေသည်။

 

နမ့်ခမ်းသို့

            မူဆယ်ခရိုင်အတွင်းရှိ နမ့်ခမ်းမြို့နယ်သည် မူဆယ်မြိုနယ် ကွတ်ခိုင်မြို့နယ်အကြားတွင် တည်ရှိကာ မူဆယ်မြို့မှအနောက် တောင်ဘက်သို့ ၃၂ ဒသမ ၄ ကီလိုမီတာနှင့်ကွတ်ခိုင်မြို့မှအနောက်မြောက်ဘက်ယွန်းယွန်းသို့ ၈၇ ဒသမ ၆ ကီလိုမီတာကွာဝေး သည်။

            ရွှေမှုန်များမျောပါလာလေ့ရှိသည့် နမ့်ခမ်းဖောင်ချောင်းသည် နမ့်ခမ်းမြို့နယ်တွင်တည်ရှိကာ ရွှေမှုန်ချောင်းဟု အဓိပ္ပာယ်ရ သည်။ မြန်မာသက္ကရာဇ် ၁၁၀၇ ခုနှစ်တွင် နမ့်ခမ်းဖောင်ချောင်းဘေးတွင် ရွှေရည်ဟု အဓိပ္ပာယ်ရှိသည့် မန့်နမ့်ခမ်းရွာကိုတည် ထောင် ခဲ့ပြီး ကုန်းဘောင်ဘုရင်၊ စဥ့်ကူးမင်းလက်ထက်၊ မြန်မာသက္ကရာဇ် ၁၁၃၉ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့ပြီး ဦးပေါ်ဆီးက အုပ် ချုပ် ၍ ၀ိန်းနမ့်ခမ်းဟု ခေါ်တွင်ခဲ့သည်။ယင်းအချိန်မှစ၍ သီပေါမင်းပါတော်မူချိန်အထိ နမ့်ခမ်းကို (ဟိန်)စော်ဘွားများက အုပ်ချုပ်ခဲ့ကာ ကိုလိုနီခေတ်တွင် သိန္နီစော်ဘွား လက်အောက်ခံမြို့အဖြစ်ထားရှိခဲ့သည်။

            တော်လှန်ရေးကောင်စီအစိုးရလက်ထက်၊ ၁၉၇၂ ခုနှစ် ဇွန်လနှင့်ဇူလိုင်လတွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက နမ့်ခမ်းမြို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများကိုသတ်မှတ်ခဲ့ကာ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်တွင် နမ့်ခမ်းမြို့နယ်ကို ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာ ၁၇၄ ရွာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

            ဧရိယာ ၄၆၆ ဒသမ ၈၅ စတုရန်းမိုင် ကျယ်ဝန်းသည့် နမ့်ခမ်းမြို့နယ်သည် အရှေ့ဘက်တွင် မူဆယ်မြို့နယ်နှင့်ကွတ်ခိုင်မြို့ နယ်၊ အနောက်ဘက်တွင် ကချင်ပြည်နယ်၊မန်စီမြို့နယ်၊ တောင်ဘက်တွင်မန်တုံမြို့နယ်နှင့်မြောက်ဘက်တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်နယ်နိမိတ်ထိဆက်နေသည်။ နမ့်ခမ်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှ ၂၄၈၉ ပေမြင့်၍ မြိုနယ်၏အမြင့် ဆုံးနေရာသည် ၇၇၄၁ ပေမြင့်သည့် ပန်မောင်းတောင်ဖြစ်သည်။

            နမ့်ခမ်းမြို့နယ်၏အပူချိန်သည် ငါး ဒီဂရီ စင်တီဂရိတ်နှင့် ၃၇ ဒီဂရီ စင်တီဂရီတ်အကြားဖြစ်၍ မုတ်သုန်ရာသီဥတုရှိသဖြင့်

လွန်ခဲ့သည့် ခြောက်နှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၉၉ ဒသမ ၅ လက်မ ရွာသွန်းခဲ့သည်။

            ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် ထုတ်ပြန်သည့် စာရင်းအရ နမ့်ခမ်း မြို့နယ်လူဦးရေ ၁၁၅၇၈၂ ဦးအနက် ရှမ်းလူမျိုးများက ၄၀ ဒသမ ၆၅ ရာခိုင်နှုန်း (၄၇၀၆၆ ဦး)၊ ပလောင်လူမျိုးများက ၁၆ ဒသမ ၁၄ ရာခိုင်နှုန်း (၃၉၅၁၆ ဦး) ရှိကာ လီဆူ၊ လီချော၊ ကချင် နှင့် ဗမာလူမျိုးများလည်း နေထိုင်ကြသည်။မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၁၈ ရာခိုင်နှုန်း(၁၁၀၂၀၂ ဦး) သည် ဗုဒ္ဓဘာသာကို ကိုး ကွယ်၍ ၁၇ ဒသမ ၄၆ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာကို ကိုးကွယ်သည်။အစ္စလာမ်ဘာသာနှင့်နတ်ကိုးကွယ်သူများလည်းရှိသည်။

            စီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးသည့် နမ့်ခမ်းမြို့နယ်တွင် နေထိုင်ကြသည့်ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက် မွေးမြူကြပြီး တောင်ပေါ်ဒေသများတွင် လက်ဖက်ကို စိုက်ကြကာ စပါးနှင့်လက်ဖက်ခြောက်သည် နမ့်ခမ်းမြို့နယ်၏အဓိကထွက် ကုန်ဖြစ်သည်။အချို့ကျေးရွာများတွင် ခမောက်၊ လွယ်အိတ်၊ မြေအိုး တို့ကို ထုတ်လုပ်သည်။နမ့်ခမ်းမြို့နယ်အတွင်း၌ စပါး၊မြေပဲ၊နှမ်း၊ ကြံ၊ အစေ့ထုတ်ပြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ရာဘာနှင့် ကော်ဖီ၊ ဈေးကွက်ဝင်သီးနှံများဖြစ်သည့် ဂျုံ၊ ဆီမုန်ညင်း၊ ပဲပုတ်တို့ကို လည်း စိုက်ပျိုးသည်။၂၀၁၇-၂၀၁၈ ခုနှစ်တွင် နမ့်ခမ်းမြို့နယ်၏ဆန်ဖူလုံမှုသည် ၁၄၀ ရာခိုင်နှုန်းဖြစ်သည်။

            နမ့်ခမ်းမြို့နယ်၌ အထက်တန်းကျောင်း ၄ ကျောင်းနှင့် အထက်တန်းကျောင်းခွဲ ၄ ကျောင်း၊အလယ်တန်းကျောင်း ငါး ကျောင်း၊ မူလတန်းကျောင်း ၁၂၁ ကျောင်း ဖွင့်လှစ်ထားသကဲ့သို့ ကုတင် ၁၀၀ ဆန့် နမ့်ခမ်းမြို့နယ်ပြည်သူ့ဆေးရုံ၊ ၁၆ ကုတင် ဆန့် အစိုးရဆေးရုံ ၄ ရုံ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဆေးပေးခန်း တစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၉ ခု ကို ဖွင့်လှစ် ထားသည်။

            နမ့်ခမ်းမြို့နယ်ရှိ ဘုရား၊ စေတီ ၉၈ ဆူအနက် မြို့ဦးစေတီ၊မန့်ခမ်းစေတီ၊ မဟာမြတ်မုနိဘုရား၊ မြို့လယ်ဘုရား၊လျောင်း တော်မူဘုရား၊ ထိုင်တော်မူဘုရားတို့သည် ထင်ရှားသော သာသနိကအဆောက်အအုံများဖြစ်ကြသည်။

 

ကွတ်ခိုင်သို့

            မူဆယ်ခရိုင်သို့ ခရီးထွက်ခဲ့စဉ် ရှေးဦးစွာရောက်ရှိသော မြို့သည် ကွတ်ခိုင်ဖြစ်၍ ကွတ်ခိုင်မြို့သည် လားရှိုးမြို့နှင့် မူ ဆယ်မြို့အကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်တည်ရှိုပြီး မူဆယ်မြို့မှ တောင်ဘက်သို့ ၉၈ ကီလိုမီတာနှင့် လားရှိုးမြို့မှ အရှေ့ မြောက်ဘက်ယွန်းယွန်းသို့၇၅ ကီလိုမီတာ ကွာဝေးသည်။

            ကွတ်ခိုင်မြို့တည်နေရာသည် မြစ်ချောင်းများမြောက်ဘက်မှတောင်ဘက်သို့ ကွေ့ကောက်စီးဆင်းနေသည့် နေရာဖြစ် သဖြင့် ရှမ်းဘာသာစကားဖြင့် ကွတ်နမ့်ခိုင်ဟု ခေါ်ဆိုခဲ့ကြသည်။ကွတ်သည် ကွေ့ကောက်ခြင်း၊ နမ့်သည်ရေ၊ ခိုင်သည် ရောင်းချခြင်း ဟု အဓိပ္ပာယ်ရှိသဖြင့် ကွတ်နမ့်ခိုင်သည် ရောင်းဝယ်ဖောက်ကားသူများအသုံးပြုသည့် ကောက်ကွေ့သော ချောင်းရှိသည့် ရေ ဟု ဆိုလိုပြီး ကွတ်နမ့်ခိုင်မှ ကွတ်ခိုင်သို့ ပြောင်းလဲခဲ့သည်။၁၈၈၆ ခုနှစ်တွင်ယင်းနေရာသို့ ဗန်းမော်ဒေသမှ ကချင်လူမျိုးများ လာရောက် အခြေချရာမှ တစ်တစ်စ စည်ပင်လာကာ မြို့ဖြစ်လာခဲ့သည်။ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင်ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီး ဌာနက ကွတ်ခိုင်မြို့နယ်ကို ဖွဲ့စည်းခဲ့သည်။

            ကွတ်ခိုင်မြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉ မိုင်၊ တောင်မှ မြောက်သို့ ၅၂ မိုင်ရှည်လျား၍ ၂၇၅၉ စတုရန်းမိုင်ကျယ် ၀န်းကာ အရှေ့ဘက်တွင် သံလွင်မြစ်နှင့်ကွမ်းလုံမြို့နယ်၊ အနောက်ဘက်တွင် နမ့်ခမ်းမြို့နယ်နှင့်နမ္မတူမြို့နယ်၊တောင်ဘက်တွင်

သန္နီမြို့နယ်၊မြောက်ဘက်တွင် မူဆယ်မြို့နယ်နှင့်ထိဆက်နေသည်။

            သံလွင်မြစ်သည် တောင်ကုန်းတောင်တန်းများထူထပ်၍ သစ်တောများဖုံးလွှမ်းနေသည့် ကွတ်ခိုင်မြို့နယ်နှင့်ကွမ်းလုံမြို့ နယ် အကြားမှ စီးဆင်းနေသည်။ပင်လယ်ရေမျက်နှာပြင်အထက် ၄၄၂၉ ပေ မြင့်သည့် ကွတ်ခိုင်မြို့နယ်၏အပူချိန်သည် ရေခဲမှတ် အောက် သုံး ဒီဂရီစင်တီဂရိတ် နှင့် ၃၇ ဒီဂရီ စင်တီဂရီတ်အကြားတွင်ရှိ၍ လွန်ခဲ့သည့် ရှစ် နှစ်အတွင်း နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၁၁၂ ဒသမ ၇၅ လက်မ ရွာသွန်းခဲ့သည်။

            ကွတ်ခိုင်မြို့နယ်ကို မြို့ ၂ မြို့(ကွတ်ခိုင်နှင့်တာမိုးညဲ)၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာ အုပ်စု ၆၈ အုပ်စု၊ ကျေးရွာ ၄၆၃ ဖြင့် ဖွဲ့စည်းထားကာ မြို့နယ်လူဦးရေ ၁၈၈၀၄၆ ဦးအနက် မုန်းဝန်းလူမျိုးများက ၃၀ ဒသမ ၅၀ ရာခိုင်နှုန်း(၅၇၃၆၃ ဦး) ၊ပလောင် လူမျိုးများက ၂၄ ဒသမ ၈၄ ရာခိုင်နှုန်း(၄၆၇၂၈ ဦး)နှင့် ရှမ်းလူမျိုးများက ၂၄ ဒသမ ၂၇ ရာခိုင်နှုန်း(၄၅၂၆၅ ဦး)ရှိသည်။ မြို့နယ် အတွင်း၌ လီဆူး၊ မြောင်ဇီး၊ ကိုးကန့်၊ ခိုလုံလီရှော တိုင်းရင်းသားများလည်း နေထိုင်ကြသည်။မြို့နယ် လူဦးရေ၏ ၆၃ ဒသမ ၁၂ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာကိုကိုးကွယ်၍ ၃၃ ဒသမ ၅၈ ရာခိုင်နှုန်းက ခရစ်ယာန်ဘာသာကို ကိုးကွယ် ကြသည်။

            ကွတ်ခိုင်မြို့နယ်တွင် နေထိုင်ကြသည့် ပြည်သူများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အဓိကပြုလုပ်ကြ၍

မြို့နယ်၏ အဓိကထွက်ကုန်များသည် စပါး၊ ပြောင်း၊ ကြံ၊ ချဉ်စော်ခါး၊ လက်ဖက်ခြောက်၊ အာလူး၊ လိမ္မော်သီးနှင့် လိုင်ချီးတို့ဖြစ်ကြ သည်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကွတ်ခိုင်မြို့နယ်၏ ဆန်ဖူလုံမှုသည် ၁၄၅ ဒသမ ၅ ရာခိုင်နှုန်းဖြစ်သည်။

            ကွတ်ခိုင်မြို့နယ်၌ အထက်တန်းကျောင်း ၆ ကျောင်း၊ အလယ်တန်းကျောင်း ၉ ကျောင်း၊ မူလတန်းကျောင်း ၁၇၇ ကျောင်း ဖွင့်လှစ်ထားသကဲ့သို့ ကုတင် ၅၀ ဆန့် ကွတ်ခိုင်မြို့နယ်ပြည်သူ့ဆေးရုံ၊ ၂၅ ကုတင်ဆန့် တာမိုးညဲမြို့ ပြည်သူ့ဆေးရုံ၊ ၁၆ ကုတင် ဆန့် အစိုးရဆေးရုံ ၃ ရုံနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၀ ကို ဖွင့်လှစ်ထားသည်။

            ကွတ်ခိုင်မြို့နယ်တွင် စေတီ ၂၂ ဆူရှိသည့်အနက် ကွတ်ခိုင်မြို့၊ အမှတ် (၅) ရပ်ကွက်ရှိ တိလောကမာရဇိန် ဆုတောင်းပြည့် စေတီနှင့် တာမိုးညဲမြို့ရှိ ရန်အောင်မြင်စေတီတို့သည် ထင်ရှားကြသည်။

            တစ်ချိန်သောကာလက အနက်ရောင်နယ်မြေဖြစ်ကာ အေးချမ်းတည်ငြိမ်မှု မရှိခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ခရိုင်သည် မြန်မာနိုင်ငံ၏ အကြီးဆုံးသော နယ်စပ်ကုန်သွယ်ရေး ၀င်ပေါက်ဖြစ်လာခဲ့ပြီးနောက် ဒေသ နှင့် ဒေသနေ ပြည်သူများ၏ လူနေမှု ဘ၀များသည် သိသာစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

လားရှိုးမြို့မှ မူဆယ်မြို့အထိ ဖောက်လုပ်ထားသည့် ၁၇၃ ကီလိုမီတာ ရှည်လျားသည် မော်တော်ကားလမ်းသည် အထူး ကောင်းမွန်လှပြီး မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များသည် အဆက်မပြတ်သွားလာနေကြကြောင်း ကိုယ်တွေ့ကြုံ ခဲ့ရသကဲ့သို့ မူဆယ်ခရိုင်၏ အခြေခံ အဆောက်အအုံများသည်များစွာ တိုးတက်ကောင်းမွန်လျက်ရှိကြောင်း မြင်တွေ့ခဲ့ရပေသည်။

            လှပ၍အေးချမ်းသာယာသော မူဆယ်ခရိုင်အတွင်း ရှမ်းတိုင်းရင်းသားရိုးရာ အစားအသောက်များကို စားသုံးကာ  တိုင်း ရင်းသားများ၏  ဓလေ့ထုံးတမ်းများကို လေ့လာနိုင်ခဲ့ကြပါသည်။ လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်နေပြီဖြစ်သည့် ရှမ်း ပြည်နယ်မြောက်ပိုင်းသည် ဒေသတည်ငြိမ်အေးချမ်းသည်နှင့်အမျှ  တိုင်းရင်းသားများ၏ လူမှုစီးပွားဘ၀များသည်လည်း ဆက်လက် တိုးတက်နေမည်သာ ဖြစ်ပေသည်။

 

ကိုးကား

မြန်မာ့စွယ်စုံကျမ်းအတွဲ(၂)

မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း မြို့နယ်များ၏ ဒေသဆိုင်ရာအချက်အလက်များ

(ပြည်ထဲရေးဝန်ကြီးဌာန)

 

မြန်မာ့အလင်းသတင်းစာ ၃ ၊ ၃ ၊ ၂၀၂၀ ။





Comments

Popular posts from this blog