မွန်တို့ ဌာနေ သထုံမြေသို့
မောင်သာ(ရှေးဟောင်းသုတေသန)
မြန်မာ့ သမိုင်းစဉ်တစ်လျောက်တွင် အစဉ်အလာကြီးမားခဲ့သည့်
မွန်တိုင်းရင်းသားများ နေထိုင်သည့် မွန်တို့ဌာနေသည် ရန်ကုန်မြို့မှ အနီးဆုံးပြည်နယ်ဖြစ်ကာ
မွန်ပြည်နယ် မြောက်ဖျားရှိ စစ်တောင်းတံတားသည် ရန်ကုန်မြို့မှ ၈၆ မိုင် ၅ ဖာလုံသာ ကွာဝေးသည်။
မွန်ပြည်နယ်သည်
အရှေ့ဘက်တွင် ကရင်ပြည်နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊ မြောက်ဘက်တွင် ပဲခူးတိုင်း
ဒေသကြီး၊ တောင်ဘက်တွင် တနင်္သာရီတိုင်းဒေသကြီး နှင့် နယ်နိမိတ်ထိဆက်နေသည်။ထို့အတူ အရှေ့တောင်ဘက်အစွန်းသည်
ထိုင်းနိုင်ငံ ကန်ချနာပူရီပြည်နယ်နှင့် နယ်စပ်ဖြစ်သည်။
ဧရိယာ
၄၇၄၇ ဒသမ ၇ စတုရန်းမိုင်သာ ကျယ်ဝန်းသည့် မွန်ပြည်နယ်ကို ခရိုင်နှစ်ခု၊ မြို့နယ် ၁၀
ခု၊ ရပ်ကွက် ၁၀၀ ၊ ကျေး ရွာအုပ်စု ၃၆၈ အုပ်စု၊ ကျေးရွာ ၁၁၅၂ ရွာဖြင့် ဖွဲ့စည်းထားကာ၂၀၁၄
ခုနှစ် လူဦးရေစာရင်းအရ ပြည်နယ်အတွင်းနေထိုင်သူ
၂၀၅၄၃၉၃ ဦးရှိသည်။
စိတ်ဝင်စားဖွယ်အရာများ အမြောက်အများရှိနေသည့်
မွန်ပြည်နယ်သို့ ပြည်နယ်မြောက်ဘက် အစွန်ရှိ ကျိုက်ထိုမြို့နယ် မှစ၍ တောင်ဘက်အစွန်ရှိ
ရေးမြို့သို့ သွားရောက်ကာ ဒေသ၏ လူမှုဘ၀များကို လေ့လာခွင့်ရရှိခဲ့ပါသည်။
မွန်ပြည်နယ်၏
နောက်ခံ
မွန်ဒေသသည်
ပြည်နယ်အဆင့် မဖွဲ့စည်းမီက တနင်္သာရီတိုင်းတွင်ပါဝင်ခဲ့ကာ တော်လှန်ရေးကောင်စီ အစိုးရလက်ထက်၊
၁၉၇၂ ခုနှစ်တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်ကို တနင်္သာရီတိုင်းအမှတ်(၁) ဟု လည်းကောင်း၊ထားဝယ်ခရိုင်
နှင့် မြိတ်ခရိုင်ကို တနင်္သာရီတိုင်း အမှတ်(၂) ဟု လည်းကောင်း သတ်မှတ်ခဲ့၍ ပြည်ထောင်စု
ဆိုရှယ်လစ်သမ္မတနိုင်ငံတော်ခေတ်၊ ၁၉၇၄ ခုနှစ်တွင် မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့ဖြင့်
မွန်ပြည်နယ်ကို ဖွဲ့စည်းခဲ့သည်။
ပြည်နယ်အတွင်း
နေထိုင်ကြသည့် ပြည်သူများသည် အဓိကအားဖြင့် ရာဘာအပါအ၀င် စိုက်ပျိုးရေးလုပ်ငန်း၊ ငါးဖမ်းလုပ်
ငန်း၊ နေလှမ်းဆား လုပ်ငန်းများဖြင့် အသက်မွေးမြူကြကာ စက်ရုံ အလုပ်ရုံများစွာကိုလည်း
တည်ထောင်ဖွင့်လှစ်ထားသည်။ မွန်ပြည် နယ်မှ တစ်နိုင်ငံလုံး သို့ မော်တော်ကားလမ်း၊ မီးရထားလမ်းတို့ဖြင့်
သွားရောက်နိုင်သည်။
မွန်ပြည်နယ်အတွင်း၌ပြည်တွင်းပြည်ပခရီးသွားများ
စိတ်ဝင်စားသည့် ခရီသွားဒေသများရှိသည့်အနက် ကျိုက်ထီးရိုးဘုရား၊ ကျိုက္ခမီ ရေလယ်ဘုရား၊
ကျိုက်သန်လံဘုရား၊ ၀င်းစိန်တောရ ၊ စက်စဲကမ်းခြေ၊ ကဗျာဝ ကမ်းခြေ၊ သံဖြူဇရပ် မဟာမိတ်စစ်သင်္ချ
ိုင်း၊ သေမင်းတမန်ရထားလမ်း စသည်တို့သည် အထူးထင်ရှားကြသည်။မွန်ပြည်နယ်အတွင်း၌ တက္ကသိုလ်
သုံးခု၊ ပညာရေး ကော လိပ် တစ်ခု၊ စက်မှုလက်မှု သိပ္ပံ တစ်ခုနှင့် စိုက်ပျိုးရေးသိပ္ပံတစ်ခု
ဖွင့်လှစ်ထားသည်။
ကျိုက်ထိုမြို့နယ်
မွန်ပြည်နယ်သို့
မီးရထားဖြင့်ဖြစ်စေ၊ မော်တော်ကားဖြင့်ဖြစ်စေသွားရောက်ပါက ကျိုက်ထိုမြို့သို့ ဦးစွာရောက်ရှိမည်ဖြစ်
သည်။ ကျိုက်ထိုမြို့သည် ကမ္ဘာကျော် ကျိုက်ထီးရိုးဆံတော်ရှင်သို့ လာရောက်ကြသည့် ပြည်တွင်းပြည်ပ
ခရီးသွားများဖြင့် အမြဲနီးပါး စည်ကားနေလေ့ရှိသည်။
ရာဇ၀င်မှတ်တမ်းများအရ
ကျိုက်ထိုမြို့ကို မြန်မာသက္ကရာဇ် ၅၁၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ဟံသာဝတီ အရံ ၃၂ မြို့
တွင် ပါဝင်ခဲ့သည်။ကျိုက်ထိုမြို့ကို မြို့စားဗျ ဂ္ဃ က စတင်အုပ်ချုပ်ခဲ့ပြီး မြို့စားများဖြစ်သည့်
မောင်ဂုံ၊ ဒိုင်းဝန်နှင့်ပုလဲဝန်တို့ကလည်း အုပ် ချုပ်ခဲ့ကြသည်။ ၁၈၅၂ ခုနှစ်တွင် ကျိုက်ထိုကို
သထုံခရိုင်အောက်တွင်ထားရှိ၍ နယ်ပိုင်ရုံးစိုက်ခဲ့သည်။
လက်ရှိကျိုက်ထိုမြို့နယ်သည် ၃၆၅ ဒသမ ၇
စတုရန်းမိုင်ကျယ်ဝန်း၍ ကျိုက်ထိုမြို့မှာမူ ၁ ဒသမ ၅၆ စတုရန်းမိုင်ကျယ်ဝန်း ၍ အရှေ့ဘက်နှင့်
တောင်ဘက်တွင် ဘီးလင်းမြို့နယ်၊ အနောက်ဘက်တွင်စစ်တောင်းမြစ်နှင့် မြောက်ဘက်တွင် ဝေါမြို့နယ်နှင့်
ထိ ဆက်နေသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၃၅ ပေမြင့်သည့်
ကျိုက်ထိုမြို့နယ်သည် တောင်ကုန်းတောင်တန်းများနှင့် မြစ်ဝှမ်း လွင်ပြင် အကြားတွင်တည်ရှိကာ
၃၆၁၈ ပေမြင့်သည့် ကျိုက်ထီးရိုးတောင်သည် မြို့နယ်၏ အမြင့်ဆုံးနေရာဖြစ်သည်။ ကျိုက်ထိုမြို့
နယ်သည် မွန်ပြည်နယ်တွင်ပါဝင်သော်လည်း ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သည့် စာရင်းအရ မြို့နယ်လူဦးရေ
၁၅၉၃၈၉ တွင်ဗမာလူမျိုး ၁၃၀၃၅၂ ဦး နေထိုင်လျက်ရှိသည်။
ကျိုက်ထိုမြို့နယ်ကို မြို့တစ်မြို့၊ရပ်ကွက်
ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၅ အုပ်စု၊ ကျေးရွာ ၈၁ ရွာဖြင့် ဖွဲ့စည်းထားပြီး
အထက်တန်းကျောင်း ၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ
၇ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၇ ကျောင်းနှင့်မူလတန်းကျောင်း
၁၂၁ ကျောင်းဖွင့်လှစ်ထားသည်။
ထို့အတူ
ကုတင် ၅၀ ဆန့်မြို့နယ်ဆေးရုံကြီးနှင့် ၁၆ ကုတင်ဆန့် တိုက်နယ် ဆေးရုံနှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာန
၇ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၈ ခုဖွင့်လှစ်ထားသည်။
ကျိုက်ထိုမြို့မှ
၁၆ မိုင်ကွာဝေးသည့် ပေါင်းလောင်းတောင်ထိပ်တွင် တည်ထားသည့် ကျိုက်ထီးရိုးဆံတော်ရှင်
စေတီ နှင့် ကျိုက်ထိုမြို့ ၊ ကံ့ကော်ရပ်ကွက်ရှိ ကျိုက်ပေါလော မှည့်ရှင် ဘုရားတို့သည်
အထူးထင်ရှားကြပေသည်။ထို့အတူ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျိုက္ကသာသည် ရှေးဟောင်းသုတေသီများ
အကြား၌ ထင်ရှားသည့် မြို့ဟောင်း တစ်ခုဖြစ်ပေသည်။
ဘီးလင်းသို့
ကျိုက်ထိုမြို့မှ
အရှေ့တောင်ဘက် ၃၁ ကီလိုမီတာအကွာတွင် တည်ရှိသည့် ဘီးလင်းမြို့သည် ရန်ကုန်မော်လမြိုင်မီးရထား
လမ်းနှင့် မော်တော်ကားလမ်းပေါ်တွင် တည်ရှိသည်။ ရှေးအခါက ဘီးလင်းသည် ရှေးဟောင်းမွန်တပ်မြို့
တစ်ခုဖြစ်ခဲ့ကာ မြန်မာ သက္ကရာဇ် ၁၁၈၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက်တွင် မုတ္တမမြို့ဝန်
မင်းကြီးဥဇနာနှင့် နောက်လိုက် နောက်ပါများသည် ဘီး လင်းမြို့ ၀င်ကလွတ်ရပ်ကွက်တွင် တပ်စွဲခဲ့ကြသည်။
ဘီးလင်းဟူသည့်အမည်သည်
မွန်ဝေါဟာရပီလို(ပီလမ်း) မှဆင်းသက်ခဲ့ကာ မြစ်ပျက်သောမြို့ဟု အဓိပ္ပာယ်ရှိသည်။ ထို့ ကြောင့်
မြစ်ကျိုးပြီးကျန်ခဲ့သည့် ဘီးလင်းကျိုးဟုခေါ်တွင်သောနေရာကို မြင်တွေ့နိုင်ပေသည်။ဘီးလင်းမြို့နယ်သည်
၈၃၅ ဒသမ ၂ စတုရန်းမိုင်ကျယ်ဝန်းလျက် ဘီးလင်းမြို့ ဧရိယာသည် ၂ ဒသမ ၁၄ စတုရန်းမိုင်ဖြစ်သည်။
တောတောင်ထူထပ်၍
မြေမျက်နှာပြင်အသင့်အတင့်ပြန့်ပြူးသော ဘီးလင်းမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်
ပေ ၃၀ မြင့်သည်။၂၂ မိုင်ရှည်သော ဘီလင်းမြစ်သည် ဘီးလင်းမြို့နယ်ကို ဖြတ်သန်းလျက် မြောက်မှ
တောင်သို့ စီးဆင်းလျက်ရှိ သည်။
လက်ရှိ
ဘီးလင်းမြို့နယ်ကိုရပ်ကွက် ငါးရပ်ကွက်၊ ကျေးရွာအုပ်စု ၅၁ အုပ်စု၊ကျေးရွာ ၂၁၁ ရွာဖြင့်
ဖွဲ့စည်းထားကာ မြို့နယ် အတွင်း၌ နေထိုင်သူ ၁၈၈၇၄၄ ဦးအနက် ဗမာလူမျိုး ၁၁၄၅၇၈ဦး(၆၀ ဒသမ ၇ ရာခိုင်နှုန်း)နှင့် ကရင်လူမျိုး ၆၀၆၀၈ ဦး(၃၂ ဒသမ ၁ ရာခိုင်နှုန်း)ပါရှိသည်။မြို့နယ်လူဦးရေ၏
၉၈ဒသမ ၅ ရာခိုင်နှုန်း(၁၈၆၀၁၉ ဦး) သည် ဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်။
ဒေသနေကျောင်းသားကျောင်းသူများပညာသင်ယူနိုင်ရန်
ဘီးလင်းမြို့နယ်အတွင်း၌ အထက်တန်းကျောင်း ၁၀ကျောင်း၊ အထက်တန်းကျောင်းခွဲ ရှစ်ကျောင်း၊အလယ်တန်းကျောင်း
သုံးကျောင်းနှင့်မူလတန်းကျောင်း ၁၆၈ ကျောင်းဖွင့်လှစ်ထားသည်။
ထို့အတူမြို့နယ်နေ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပြုနိုင်ရန်
၂၅ ကုတင်ဆန့်မြို့နယ်ဆေးရုံ တစ်ရုံ၊ ၁၆ ကုတင်ဆန့် တိုက်နယ်ဆေးရုံ လေးရုံ၊ ကျန်းမာရေးဌာန
ခုနစ်ခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၃၉ ခုကို ဖွင့်လှစ်ထာသည်။
မြို့နယ်အတွင်း၌
ဘုန်းတ်ာကြီးကျောင်း ၃၉၁ ကျောင်းနှင့် သီလရှင်ကျောင်း ၄၂ ကျောင်းရှိရာ ၂၀၁၇ ခုနှစ်စာရင်းများအရ ရဟန်း ၂၁၁၇ ပါး၊ သာမဏေ ၁၀၀၉ ပါးနှင့် သီလရှင် ၃၈၁
ပါး သီတင်းသုံးနေထိုင်လျက်ရှိသည်။
ဘီးလင်းမြို့နယ်
ဇုတ်သုတ်ကျေးရွာရှိ ကျိုက်ထီးဆောင်းစေတီ၊ တောင်ကြီးကျေးရွာရှိ မဲလံ ဆံတော်ရှင်စေတီ၊
ဝင်းက ကျေး ရွာရှိ မြသပိတ်ဆံတော်ရှင်နှင့် ကျိုက်ထီးဆောင်း၊ မဲလံ၊ ကေလာသ၊ ကုသိနာရုံ
ဘုန်းတော်ကြီးကျောင်းများသည် အထူးထင်ရှား ကြ သည်။
ဘီးလင်းသည်
ဂ၀ံယဉ်ကျေးမှု
ထွန်းကားခဲ့သည့် ဒေသတစ်ခုဖြစ်သဖြင့် ဂ၀ံဖြင့်ပြုလုပ်ထားသည့်
စေတီပုထိုးများ ၊ ဆင်းထု ရုပ်ထုများ၊ မြို့ရိုးတံတိုင်းများတည်ရှိနေပြီး ဇုတ်သုတ်ရွာရှိ
ဆင်တပ်မြင်းတပ်ဟု ထင်ရှားသည့် ဂ၀ံတံတိုင်းသည် သမိုင်းနှင့် ရှေး ဟောင်း သုတေသနပညာ သုတေသီများအကြား၌
အလွန်ထင်ရှားခဲ့ပေသည်။
သထုံမြို့နယ်
ဘီလင်းမြို့မှ မော်တော်ကားလမ်းအတိုင်း
တောင်ဘက် ၄၂ ဒသမ ၆ ကီလိုမီတာ အကွာတွင် သထုံမြို့တည်ရှိသည်။သထုံ မြို့နယ်ကို တော်လှန်ရေးကောင်စီ
အစိုးရလက်ထက်၊ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင်
ဖွဲ့စည်းခဲ့ပြီး ယခုအခါ သထုံမြို့နယ် တွင် မြို့နှစ်မြို့၊ရပ်ကွက် ရှစ်ခု၊ ကျေးရွာအုပ်စု
၄၆ အုပ်စုနှင့် ကျေးရွာ ၁၇၅ ရွာရှိသည်။ပြည်ထဲရေးဝန်ကြီး ဌာန သည် ၁၉၇၂ ခုနှစ် နိုဝင်ဘာလ
၂၉ ရက် တွင် သထုံနှင့် ၂၀၁၄ ခုနှစ် မတ်လ ၁၃
ရက်တွင် သုဝဏ္ဏ၀တီကို မြို့အဖြစ် သတ်မှတ်ခဲ့သည်။
သထုံမြို့နယ်သည် ၅၃၇ ဒသမ ၉၁ စတုရန်းမိုင်ကျယ်ဝန်း၍ အရှေ့ဘက်တွင်
ဘားအံမြို့နယ်၊ တောင်ဘက်တွင် ပေါင် မြို့နယ်၊ အနောက်ဘက်တွင် မုတ္တမပင်လယ် နှင့် မြောက်ဘက်တွင်
ဘီးလင်းမြို့နယ်နှင့် ထိဆက်နေသည်။ကရင်ပြည်နယ်သို့ သထုံမြို့ကိုဖြတ်သန်းလျက် မော်တော်ကားလမ်းဖြင့်
လျင်မြန်စွာ သွားရောက်နိုင်သည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၇၁ ပေမြင့်သည့်
သထုံမြို့နယ်သည် တောင်တန်းကုန်းကမူများနှင့်မြစ်ချောင်းများ ပေါများ သည့်ဒေသဖြစ်ကာ
မြို့နယ်အလယ်တွင် အရှေ့ဘက်မှ အနောက်ဘက်သို့နိမ့်ဆင်းနေသည့် တောင်တန်းကြီးတစ်ခုတည်ရှိသည်။မိုး
များသော ဒေသဖြစ်သဖြင့် ၂၀၁၇ ခုနှစ်တွင် မိုးရေချိန် ၁၈၆ ဒသမ ၆ လက်မ ရွာသွန်းခဲ့သည်။သထုံမြို့နယ်တွင်နေထိုင်သည့်
ပြည်သူ အများစုသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးမြူကြကာ ဆန်စပါးကို အခြားဒေသများသို့
အများဆုံးတင်ပို့ရောင်း ချကြသည်။
၂၀၁၇ ခုနှစ်၊စက်တင်ဘာလတွင် ထုတ်ပြန်သည့်
စာရင်းများအရ သထုံမြို့နယ် လူဦးရေ ၂၃၃ ၈၆၇ ဦးတွင် ကရင်တိုင်းရင်း သားများက ၃၅ ဒသမ ၅၄ ရာခိုင်နှုန်း၊
ဗမာတိုင်းရင်းသားများက ၃၂ ဒသမ ၈၃ ရာခိုင်နှုန်း၊ ပအိုဝ့် တိုင်းရင်းသားများက ၂၁ ဒသမ
၄၃ ရာခိုင်နှုန်း နှင့် မွန်တိုင်းရင်းသားများက ၂ ဒသမ ၀၉ ရာခိုင်နှုန်းဖြစ်သည်။မြို့နယ်လူဦးရေ၏
၉၃ ဒသမ ၅၆ ရာခိုင်နှုန်းဖြစ်သည့်
၂၁၈၈၁၂ ဦးသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြသည်။
သထုံမြို့နယ်တွင်ကွန်ပျူတာတက္ကသိုလ်နှင့်စိုက်ပျိုးရေး
သိပ္ပံတို့ကို ဖွင့်လှစ်ထားပြီး အခြေခံပညာ အဆင့်တွင် အထက် တန်းကျောင်း ၁၂ကျောင်း၊အထက်တန်းကျောင်းခွဲ
သုံးကျောင်း၊ အလယ်တန်းကျောင်း ၁၃ ကျောင်း၊အလယ်တန်းကျောင်းခွဲ ခုနစ် ကျောင်း၊ မူလွန်ကျောင်း
၃၇ ကျောင်းနှင့် မူလတန်းကျောင်း ၁၁၀ ဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်းရှိ
ပြည်သူများကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်ရန် အစိုးရဆေးရုံ နှစ်ရုံ၊ ဆေးပေးခန်း
သုံးခု၊ ကျေးလက် ကျန်းမာရေးဌာန ငါးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၈ ခုဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်း၌
ဘုရား၊ စေတီ ၊ ပုထိုးပေါင်း ၄၄၂ ဆူရှိသည့်အနက် ရွှေစာရံစေတီ၊ မြသပိတ်စေတီ၊ကြေးသွန်းဘုရား၊
ရွှေဆံတော်ဘုရား၊ နေမိန္ဒရ ဘုရား နှီးဘုရား စသည်တို့သည်
ထင်ရှားကြသည်။၂၀၁၇ ခုနှစ် တွင် ထုတ်ပြန်သည့် စာရင်းများအရ သထုံမြို့နယ်တွင်ဘုန်းကြီးကျောင်း
၃၁၉ ကျောင်းနှင့် သီလရှင် ကျောင်း ၅၆ ကျောင်းတွင် ရဟန်း ၃၃၅၅ ပါး၊ သာမဏေ ၃၁၂၅ ပါး၊
သီလရှင် ၃၅၆ ပါး သီတင်းသုံး နေထိုင်လျက်ရှိသည်။
သမိုင်းဝင်
ထင်ရှားသော အဆာက်အအုံများအဖြစ် သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ကလျာဏီသိမ်နှင့် ပိဋကတ်တိုက်တို့ကို
လေ့လာနိုင်ကြသည်။
ပေါင်မြို့နယ်သို့
ဒေသနေပြည်သူများက
အပေါင်ဟု ခေါ်ကြသည့် ပေါင်မြို့သည် သထုံမြို့မှ အရှေ့တောင်ဘက် ယွန်းယွန်း ၃၈ ဒသမ ၇ ကီလိုမီတာ
အကွာတွင် တည်ရှိသည်။နှုတ်ပြော ရာဇ၀င်များအရ ဘုရားရှင် ဆံတော် နှစ်ဆူကိုပေါင်း၍တည်ထားခဲ့သည့်
ပေါင်မြို့ လယ်ရှိ ကျိုက်ပေါင်းဘုရားကို အစွဲပြုကာ ပေါင်မြို့ဟု အမည်တွင်ခဲ့သည်ဟု ဆိုသည်။ပေါင်မြို့နယ်ကို
တော်လှန်ရေးကောင်စီ အစိုးရ လက်ထက် ၊ ၁၉၇၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ဖွဲ့စည်းခဲ့ရာ
ယခုအခါ ပေါင်မြို့နယ်တွင် မြို့ နှစ်မြို့(ပေါင်နှင့် ဇင်းကျိုက်)၊ရပ်ကွက် ရှစ် ခု၊
ကျေးရွာ အုပ်စု ၄၉ အုပ်စု၊ ကျေးရွာ ၁၅၅ ရွာပါရှိသည်။
ပေါင်မြို့နယ်သည် ၄၃၆ ဒသမ ၇၅ စတုရန်းမိုင်ကျယ်ဝန်း၍
ပေါင်မြို့သည် ၂ ဒသမ ၁၃ စတုရန်းမိုင်ကျယ်ဝန်းကာ အရှေ့ ဘက်၌ ဒုံသမိချောင်းခြားလျက် ဘားအံမြို့နယ်၊
တောင်ဘက်တွင် သံလွင်မြစ်ခြားလျက် ချောင်းဆုံမြို့နယ်၊ အရှေ့တောင်ဘက်၌ မော်လမြိုင်မြို့နယ်၊
အနောက်ဘက်၌ မုတ္တပင်လယ်ကွေ့နှင့် မြောက်ဘက်၌ သထုံမြို့နယ်တို့နှင့် ထိဆက်နေကာ ကမ်းရိုးတန်း
အရှည် ၂၂ မိုင်ရှိသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၂၄ ပေမြင့်သည့်
ပေါင်မြို့နယ်အတွင်း၌ ဇင်းကျိုက်တောင်၊ ကုလားမတောင်၊ နွားလဘို့ တောင်နှင့် မုတ္တမတောင်တန်းတို့သည်
မြောက် ဘက်မှ တောင်ဘက်သို့ သွယ်တန်းနေကာ လူနေသောကျွန်း တစ်ကျွန်းနှင့် လူမနေသော ကျွန်း
နှစ်ကျွန်းလည်းရှိသည်။
ပေါင်မြို့နယ်သည်လည်း မိုးများသော ဒေသ
တစ်ခုဖြစ်ကာ ၂၀၁၆ ခုနှစ်တွင် မိုးရွာရက် ၁၃၆ ရက်၌ မိုးရေချိန် ၁၈၇ ဒသမ ၂၇ လက်မရွာသွန်းခဲ့သည်။ပြည်သူ
အများစုသည် ရာဘာ၊ ဒူးရင်း၊ မင်းကွတ်နှင့် ပိန္နဲတို့ကို စီးပွားဖြစ်စိုက်ပျိုးကြသည်။
၂၀၁၇
ခုနှစ် ၊ စက်တင်ဘာလတွင် ပေါင်မြို့နယ်၌ နေထိုင်သူ လူဦးရေ ၁၉၄၀၂၃ ဦးအနက် ဗမာလူမျိုးများက
၃၉ ဒသမ ၅၇ ရာခိုင်နှုန်း(၁၀၀၃၀၂ ဦး)၊ မွန် လူမျိုးများက ၃၃ ဒသမ ၇၄ ရာခိုင်နှုန်း(၈၅၅၂၃
ဦး)နှင့် ကရင်လူမျိုးများက ၁၆ ဒသမ ၈၈ ရာခိုင်နှုန်း(၄၂၇၉၀ ဦး)ပါဝင်ကာ အများစုသည် ဗုဒ္ဓဘာသာကို
ကိုးကွယ်ကြသည်။
ပေါင်မြို့နယ်တွင်
အထက် တန်းကျောင်း ကိုး ကျောင်း၊အထက်တန်းကျောင်းခွဲ ၁၁ ကျောင်း၊ အလယ်တန်းကျောင်း ငါး
ကျောင်း၊အလယ်တန်းကျောင်းခွဲ ခြောက် ကျောင်း၊ မူလွန်ကျောင်း ၂၅ ကျောင်းနှင့် မူလတန်းကျောင်း
၁၀၄ ကျောင်း ဖွင့်လှစ် ထား သည်။ထို့အတူ ဒေသနေပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုပေးရန်
ကုတင် ၅၀ ဆန့်မြို့နယ်ဆေးရုံ၊ ၁၆ ကုတင်ဆန့် တိုက် နယ်ဆေးရုံ ငါးရုံ၊ ကျေးလက် ကျန်းမာရေးဌာန
၁၀ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၄၃ ခုဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်း၌
ဘုရား၊ စေတီ ပေါင်း ၃၄ ဆူရှိ ၍ ဇင်းကျိုက် ဆံတော်ရှင်ဘုရား၊ နွားလဘို့တောင် ဆံတော်ရှင်ဘုရား
နှင့်ကျိုက်ပေါင်း ဆံတော်ရှင်ဘုရားတို့သည် ထင်ရှားကြသည်။၂၀၁၇ ခုနှစ် တွင် ထုတ်ပြန်သည့်
စာရင်းများအရ ပေါင်မြို့နယ်တွင် ဘုန်းကြီးကျောင်း ၃၁၉ ကျောင်းနှင့် သီလရှင် ကျောင်း
၅၆ ကျောင်းတွင် ရဟန်း ၁၉၄၀ ပါး၊ သာမဏေ ၇၁၉ ပါး၊ သီလရှင် ၁၆၂ ပါး သီတင်းသုံး နေထိုင်လျက်ရှိသည်။
ပေါင်မြို့နယ်
၊ ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်သည် လာရောက်လည်ပတ်သူများဖြင့် စည်ကားနေလေ့ရှိသည့်
အပမ်း ဖြေနေရာတစ်ခုဖြစ်ပေသည်။
ခရိုင်
နှစ်ခရိုင်၊ မြို့နယ် ၁၀ မြို့နယ်ဖြင့် ဖွဲ့စည်းထားသည့် မွန်ပြည်နယ်တွင် နေထိုင်ကြသည့်
မွန်တိုင်းရင်းသားများသည်
မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသား
မျိုးနွယ်စု ၁၀၀ ကျော်တွင် လူမျိုးစု တစ်ခုတည်းသာရှိသည်။ဗုဒ္ဓဘာသာအစ ဟု ပြောစမှတ်ရှိခဲ့သည့်
သထုံခရိုင်တွင် မြို့နယ်လေးခုပါရှိကာ ယင်းတို့သည် တနင်္သာရီ ကမ်းမြှောင်ဒေသ၌ တောင်မြောက်တန်းလျက်
တည်ရှိနေကြပြီး အေးချမ်းသာယာလျက် ခရီးသွားများ၊ ဘုရားဖူးများဖြင့် စည်ကားသာယာလျက်ရှိနေကြပေသည်။
ကိုးကား
ဒေသဆိုင်ရာ အချက်အလက်များ(သထုံ)(ကျိုက်ထို)(ဘီးလင်း)(ပေါင်)
ကိုယ်တွေ့ခရီးသွားမှတ်တမ်းများ
မြန်မာ့အလင်းသတင်းစာ ၁၅ ၊ ၁၀ ၊ ၂၀၁၉ ။


Comments
Post a Comment