ရိက္ခာပေါလှိုင် ဖျာပုံခရိုင်သို့

မောင်သာ(ရှေးဟောင်းသုတေသန)

 

မြန်မာနိုင်ငံပြည်သူပြည်သားများအတွက် လိုအပ်သည့်စားရေရိက္ခာများကို ပြည်နယ်တိုင်းဒေသကြီးအသီးသီးက ထုတ်လုပ်ပေး လျက်ရှိရာ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်၏စပါးကျီဟု တင်စားခေါ်ဆိုသည့်အတိုင်း ဆန်းစပါးကို အများဆုံးစိုက်ပျိုးထုတ်လုပ်နေသည့်ဒေသဖြစ်သည်။မြစ်ချောင်းများနှင့်မိုးရွာသွန်းမှုများပြားပြီး မြေဆီသြဇာကောင်းမွန်သည့် မြစ်ဝ ကျွန်းပေါ်ဒေသမှထွက်ရှိသည့် ဆန်စပါးများသည် စားသုံးသူများအကြား အလွန်ထင်ရှားလျက်ရှိရာ ဖျာပုံပေါ်ဆန်းမွှေးဆန်သည် လည်းအပါအ၀င်ဖြစ်ပေသည်။

            ဆန်စပါးစိုက်ပျိုးမှုသာမက ပင်လယ်သားငါးထုတ်လုပ်မှုထုတ်လုပ်မှုလုပ်ငန်းပါဖွံ့ဖြိုးသည့် ဖျာပုံခရိုင်သည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်များအနက်များအနက် ရန်ကုန်မြို့နှင့်အနှီးဆုံးတည်ရှိသည်။ရှေးအခါက ရေကြောင်းခရီးဖြင့်သာသွားလာ ခဲ့ကြရသည့် ဖျာပုံခရိုင်အတွင်းမှ မြို့ရွာများသည် မအူပင် ဖျာပုံ ဘိုကလေး မော်တော်ကားလမ်းကို ၁၉၉၇ ခုနှစ်တွင် စတင်ဖောက် လုပ်ခဲ့ပြီးနောက်ကုန်းလမ်းခရီးဖြင့် လွယ်ကူလျင်မြန်စွာသွားလာနိုင်ခဲ့ကြသည်။

            ဖျာပုံခရိုင်ကို ဖျာပုံ၊ကျိုက်လတ်၊ဘိုကလေးနှင့်ဒေးဒရဲမြို့နယ်တို့်ဖြင့်ဖွဲ့စည်းကာ ခရိုင်တစ်ခုလုံးသည် ၁၈၆၃ ဒသမ ၄၄၂ စတုရန်းမိုင်ကျယ်ဝန်း၍ ဘိုကလေးမြို့နယ်သည် အကြီးဆုံးဖြစ်သည်။

 

ဖျာပုံမြို့သို့

            ဖျာပုံခရိုင်ရုံးစိုက်သည့် ဖျာပုံမြိုသို့ရန်ကုန်မြို့မှရေလမ်းခရီးဖြင့်သွားပါက ၆၄ မိုင်ကွာဝေးကာ ကုန်းလမ်းမှသွားလျှင် လှိုင် သာယာ၊မအူပင်နှင့်ကျိုက်လတ်မြို့တို့ကိုဖြတ်သန်း၍လည်းကောင်း၊ဒလ၊ကွမ်းခြံကုန်း၊ကော့မှူးနှင့်ဒေးဒရဲမြို့တို့ကို ဖြတ်သန်း၍ လည်းကောင်း နှစ်သက်ရာလမ်းမှသွားရောက်နိုင်ကြသည်။

            မော်တော်ကားလမ်းများမရှိစဉ်က ဖျာပုံမြို့မှ ၂၀၅ မိုင်ကွာဝေးသည့် ပုသိမ်မြို့၊ ၁၅၄ မိုင်ကွာဝေးသည့် ဟင်္သာတမြို့အပါ အ၀င် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ ခုသို့ ရေလမ်းခရီးဖြင့်သွားရောက်ခဲ့ကြရပြီး ယခုအခါတွင်မြို့နယ်အားလုံးသို့ ကုန်းလမ်းခရီးဖြင့်သွားလာနိုင်ကြပြီဖြစ်သဖြင့် ရေလမ်းကြောင်းကို ကုန်စည်တင်ဆောင်သည့် ရေယာဉ်များကသာ အများဆုံးအသုံး ပြုလျက်ရှိကြသည်။

            ဖျာပုံခရိုင်သည် တစ်ချိန်ကမွန်လူမျိုးတို့၏ဒေသဖြစ်ခဲ့ကာ ဖျာပုံဟူသည့်အမည်သည် မွန်စကားဖျာပုင်ဖြစ်၍ ထမင်းဈေးသို့ မဟုတ် ထမင်းဆိုင်ဟုအဓိပ္ပာယ်ရှိသည်။

            ဖျာပုံမြို့သည် မြစ်ချောင်းများဆုံဆည်းသည့်နေရာတွင်တည်ရှိနေကာ ချောင်းရိုးများအတွင်းပိုင်းမှ မြစ်အထက်ပိုင်းသို့သွား လိုသူများသည် ဒီရေတက်ချိန်ကိုစောင့်ဆိုင်းကြရသည်။ရှေးအခါက ရေစောင့်ကြသည့်ခရီးသည်များ စခန်းချကာထမင်းဟင်းများ ချက်ပြုတ်စားသောက်စားသောက်ကြသည့်နေရာသည် ဖျာပုင်ဟုအမည်တွင်ခဲ့သည်။ယင်းနေရာ၏ရှေ့တွင်ပေါ်လာခဲ့သည့် ကျွန်း ပေါ်တွင် မွန်လူမျိုးများစတင်နေထိုင်ခဲ့ကြသည်။နောက်ပိုင်းတွင်ကျွန်းမြေပြင်ကျယ်ပြန့်၍ စည်ကားလာခဲ့ပြီးကုန်းဘောင်မင်းဆက်၊ ဗဒုံမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၁၄၃ ခုနှစ်တွင် ရွာကြီးတစ်ရွာဖြစ်လာခဲ့ပြီး ရွာအုပ်ဦးဖားက အုပ်ချုပ်ခဲ့သည်။ပုဂံမင်းလက် ထက် ၁၂၀၈ ခုနှစ်တွင် ပဲ့နင်းကြီးတာဝန်ပေးအပ်ခံရသည့် ဦးရွှေပေါ်သည် ဖျာပုံမြို့တွင်ပဲ့နင်းရုံးစိုက်ခဲ့သည်။

            ဗြိတိသျှအစိုးရလက်ထက်တွင် ဖျာပုံကို ကျိုက်လတ်မြို့အုပ်ဦးစန္ဒာကအုပ်ချုပ်ခဲ့ပြီး ၁၀၇၂ ခုနှစ် အောက်တိုဘာလ ၃၁ ရက် တွင် ဖျာပုံမြို့နယ်ကိုဖွဲ့စည်းခဲ့သည်။ ဖျာပုံမြို့နယ်သည် အရှေ့မှအနောက်သို့သုည ဒသမ ၉၄ မိုင်နှင့်တောင်မှမြောက်သို့ ၃ ဒသမ ၃၂ မိုင်ရှည်လျားကာ ဧရိယာ ၃၁၈ ဒသမ ၅၃၆ စတုရန်းမိုင်ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှ ၈ ဒသမ ၂ ပေသာ မြင့်သည်။

            လက်ရှိဖျာပုံမြို့နယ်ကို မြို့နှစ်မြို့(ဖျာပုံနှင့်အမာ)၊ရပ်ကွက်၂၃ ခု၊ကျေးရွာအုပ်စု ၅၂ အုပ်စု၊ကျေးရွာ ၂၁၂ ရွာဖြင့် ဖွဲ့စည်း ကာ ဖျာပုံမြို့နယ်၏ အရှေ့ဘက်တွင်ဒေးဒရဲမြို့နယ်၊အနောက်ဘက်တွင်ဘိုကလေးမြိှု့နယ်၊တောင်ဘက်တွင်မုတ္တမပင်လယ်ကွေ့ နှင့်မြောက်ဘက်တွင်ကျိုက်လတ်မြို့နယ်တို့တည်ရှိကြသည်။ဖျာပုံမြစ်သည် မုတ္တမပင်လယ်ကွေ့အတွင်းသို့စီးဝင်နေသော်လည်း မြစ်ကြောင်းကျဉ်းမြောင်းသဖြင့် ပင်လယ်ကူးသင်္ဘောများမ၀င်ရောက်နိုင်ချေ။ထို့အတူပင်လယ်ရေအတက်အကျရှိသဖြင့် ဖျာပုံမြစ် ရေကို သောက်သုံးနိုင်ခြင်းမရှိချေ။

            ပူအိုက်စွတ်စိုသည့်ရာသီဥတုရှိသော ဖျာပုံမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၃၆ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့သည့် သုံးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၂၆ ဒသမ ၆၆ လက်မရွာသွန်းခဲ့သည်။မြို့နယ်အတွင်း၌ သဘာဝပေါက်ပင်များဖြစ်သည့် ကနစို၊လမု၊ကန့်ကလာ၊မဒမ၊သင်ပေါင်း၊ဓနိနှင့်ခရေပင်များပေါက်ရောက်လျက်ရှိကာ တောရိုင်းတိရိစ္ဆာန်များမရှိချေ။

            ပတ်ဝန်းကျင်ထိန်းသိမ်းမှုတစ်ရပ်အဖြစ် ရေမြေမြစ်ချောင်းများပျက်စီးမှုမရှိစေရန် ဒီရေတောစိုက်ခင်းများထူထောင်၍၂၀၁၈ ခုနှစ် မတ်လအထိ အပင် ၁၂၀၀၀ စိုက်ပျိုးခဲ့သည်။ဖျာပုံမြို့နယ်သည် ပင်လယ်နှင့်နီးကပ်စွာတည်ရှိသဖြင့် ရေကြီးခြင်း၊မုန် တိုင်း တိုက်ခြင်း၊ဆူနာမီရေလှိုင်းများတက်ရောက်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များကျရောက်နိုင်သည့် ဒေသဖြစ်သည်။

            ဖျာပုံမြို့နယ်တွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြကာ ကရင်နှင့်ရခိုင်တိုင်းရင်းသားများလည်းနေထိုင်ကြသည်။၂၀၁၈ ခုနှစ်၊စက်တင်ဘာလကုန်အထိ ဖျာပုံမြို့နယ်လူဦးရေသည် ၃၀၄၈၄၂ ဦးဖြစ်၍ မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၄ ရာခိုင်နှုန်း(၂၉၁၀၇၃ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ဟိန္ဒူနှင့်အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိကြသည်။

            မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်ရေလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုးမြေဧက ၁၉၆၃၂၆ ဧကရှိ၍ နွေစပါးနှင့်မိုးစပါးကို အများဆုံးစိုက်ပျိုးကြသည်။ဆန်စပါးထွက်ရှိမှုမြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်ဖူလုံမှု ၃၄၈ ဒသမ ၁၉ ရာခိုင်နှုန်းရှိခဲ့သည်။ထို့အတူ ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ၇၅၃ ခု မှ ငါး ၃၀၅၁၁ တန်နှင့် ပုဇွန် ၁၁၄၅၉ တန်ထုတ်လုပ်နိုင်ခဲ့သည်။

            ဖျာပုံမြို့နယ်အတွင်း၌ ပညာရေးကဏ္ဌတွင် အစိုးရအထက်တန်းကျောင်း ၁၄ ကျောင်း၊အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၂၀၊အလယ်တန်းကျောင်းခွဲ ၃၈ ကျောင်း၊မူလတန်းလွန် ၄၆ ကျောင်း၊ အစိုးရမူလတန်းကျောင်း၂၃၈ ကျောင်းဖွင့်လှစ်ထားသကဲ့သို့ ကျန်းမာရေးကဏ္ဌတွင် ကုတင် ၂၀၀ ဆန့်ခရိုင်ဆေးရုံကြီးအပါအ၀င် အစိုးရဆေးရုံ ခြောက်ရုံနှင့် ပုဂ္ဂလိကဆေးရုံ နှစ်ရုံ ဖွင့်လှစ်ထားသည်။ထို့အတူ ကျေးလက်ကျန်းမာရေးဌာန ၁၂ ခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၀ ကိုလည်း ဖွင့်လှစ်ထားပေသည်။

            ဘာသာရေးကဏ္ဌ၌ ဖျာပုံမြို့နယ်တွင် ဘုရား၊စေတီ၊ပုထိုးစုစုပေါင်း ၁၅၅ ဆူရှိသည့်အနက် ဖျာပုံမြို့ပေါ်ရှိ ပြည်လုံးချမ်းသာ သာစည်ဘုရား၊ ရွှေနတ်ကူဘုရား၊ရွှေသာလျောင်းဘုရားနှင့်ကျိက္ကမျွမ်စေတီတို့သည် အထင်ရှားဆုံးဖြစ်သည်။မြို့နယ်အတွင်း၌ ဘုန်း ကြီးကျောင်း ၂၈၄ ကျောင်းနှင့်သီလရှင်ကျောင်း လေးကျောင်းရှိပြီး ရဟန်း ၁၅၆၀ပါး၊ သာမဏေ ၁၀၉၂ ပါးနှင့်သီလရှင် ၁၂၉ ပါး သီတင်းသုံးနေထိုင်ကြသည်။

            ကုန်းလမ်းရေလမ်းတို့မှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးသို့ဆက်သွယ်သွားလာနိုင်ပြီး ဒေသစီးပွားရေးကောင်းမံန်သဖြင့် ဒေသနေ ပြည်သူများ၏ လူနေမှုဘ၀များသည် ပုံမှန်တိုးတက်လျက်ရှိနေပေသည်။

 

ကျိုက်လတ်မြို့သို့

            ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းနှင့်မြန်မာ့စွယ်စုံကျမ်းတွင်ဖော်ပြချက်များအရ ကျိုက်လတ်မြို့ကို ခရစ်နှစ် ၁၈၄၀ ပြည့်နှစ် တွင် ဧရာဝတီတိုင်းနှင့်ပဲခူးတိုင်းတို့မှရောက်ရှိလာသည့် မွန်လူမျိုးများကတည်ထောင်ခဲ့သည်။ထိုစဉ်ကကျေးရွာကြီးတစ်ရွာဖြစ်သည့် ကျိုက်လတ်၏အနောက်ဘက်(ယခု ၆ ဖြတ်လမ်းနှင့် ၇ ဖြတ်လမ်းအကြားဗိုလ်ချုပ်လမ်းနေရာ)တွင်ရှိခဲ့သော ဥာဏ် တော်ကိုးတောင် ရှိသည့်စေတီသည် ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးနှင့်အတူပြိုကျခဲ့သဖြင့် မွန်ဘာသာစကားဖြင့် ကျိုက်လွိုက် (ဘုရားပြို)ဟု ခေါ် တွင် ခဲ့ရာမှ ကာလရွေ့လျောလာချိန်တွင် ကျိုက်လတ်ဟုပြောင်းလဲခဲ့သည်။

            ကျိုက်လတ်အမည်နှင့် စပ်လျဉ်း၍ ဘုရားပြိုကျသည့်နေရာသည် မူကွဲများရှိနေခဲ့ကာ ၁၁ ဖြတ်လမ်းနှင့် ၁၂ ဖြတ်လမ်း အကြားရှိ ချောင်းငယ်အနီးတွင်ပြိုကျခဲ့သည့်အုတ်စေတီဟောင်းကို အစွဲပြုလျက် ကျိုက်လွိုက်ဟုခေါ်ဆိုခဲ့ကြောင်းယူဆမှုများလည်း ရှိသည်။

            ထို့အတူ ကျိုက်လတ်မြို့အရှေ့ဘက်ထိပ်ရှိ မြစ်သုံးခွဆိုင်၊ မြို့ဘက်ကမ်းတွင်ရေထဲသို့ပြိုကျနေသည့် စေတီတစ်ဆူရှိခဲ့ သည်။မအူပင်၊ဒေးဒရဲ၊တွံတေး၊ဖျာပုံ၊ဘိုကလေး၊မော်လမြိုင်ကျွန်း၊၀ါးခယ်မစသည့် မြို့များသို့ သွားလာကြသည့် လှေသမ္ဗာန်များ သည်ယင်းနေရာတွင်ရပ်နားကာ ရေအတက်အကျစောင့်ကြသဖြင့် မွန်လူမျိုးများက ဘုရားပြိုဟု အမှတ်အသားပြုခဲ့ကြောင်းလည်း ဆိုခဲ့ကြသည်။

            ခရစ်နှစ် ၁၈၆၁ ခုနှစ်တွင် ကျိုက်လတ်ကိုမြို့အဖြစ်ထူထောင်ပြီး ၁၈၈၂ ခုနှစ်တွင် အင်္ဂလိပ်မြို့အုပ်မစ္စတာမက္ကဆွဲနှင့်အတွင်း ရေးမှူးဦးစိန်ထူးတို့က ပန်တပွတ်မြစ်ကမ်းပေါ်တွင် မြို့ကွက်ရိုက်ခဲ့သည်။ ကျိုက်လတ်မြို့နယ်သည် ခရစ်နှစ် ၁၈၇၅ ခုနှစ်တွင် ဖွဲ့ စည်းခဲ့သည့် သုံးခွခရိုင်တွင် မအူပင်မြို့နယ်နှင့်အတူပါဝင်ခဲ့ပြီး၁၉၀၃ ခုနှစ်တွင် ဖျာပုံခရိုင်တွင်ပါဝင်ခဲ့သည်။၁၉၀၀ ပြည့်နှစ်တွင် ကျိုက်လတ်မြို့ကော်မတီကိုဖွဲ့စည်း၍ ၁၉၀၅ ခုနှစ်တွင် မြူနီစီပယ်အဖွဲ့ကို ဖွဲ့စည်းကာ ၁၉၀၅ ခုနှစ် မေလ ၂၇ ရက်တွင် မြူနီစီ ပယ်နှင့်ဒေသန္တရအဖွဲ့က မြို့အဖြစ်သတ်မှတ်ခဲ့သည်။

ယခုအချိန်တွင်ကျိုက်လတ်မြို့နယ်ကို ရပ်ကွက် ခြောက်ခု၊ ကျေးရွာအုပ်စု ၈၇ အုပ်စု၊ ကျေး ရွာ ၄၂၁ ရွာဖြင့် ဖွဲ့စည်းထားပြီး ကျိုက်လတ်မြို့သည် ၁ ဒသမ ၂၂ မိုင်သာကျယ်ဝန်းသည့် မြို့ငယ်တစ်ခုဖြစ်၍ မြို့နယ်တစ်ခုလုံး၏ အကျယ်အ၀န်းသည် ၂၇၄ ဒသမ ၃၁ စတုရန်းမိုင်ဖြစ်သည်။ ကျိုက်လတ်မြို့နယ်၏ အရှေ့ဘက်တွင်ဒေးဒရဲမြို့နယ်၊အနောက်ဘက်တွင်ဝါးခယ်မနှင့်မော်လမြိုင်ကျွန်း မြို့နယ်၊တောင်ဘက်တွင် ဖျာပုံမြို့နယ်နှင့်မြောက်ဘက်တွင် မအူပင်မြို့နယ်တို့တည်ရှိသည်။

            မြစ်ချောင်းများပေါများပြီး မြေပြန့်ဒေသတစ်ခုဖြစ်သည့် ကျိုက်လတ်မြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၆ ဒသမ ၅၃ ပေမြင့်ကာ မြစ်ချောင်းများက ၀ိုင်းပတ်နေသည့်တိုင် ရေကြီးရေလျှံမှုများဖြစ်ပွားမှုနည်းပါးခဲ့သည်။သို့သော် သဘာဝ လေပြင်းမုန်တိုင်းဒဏ်များကို ၁၉၇၂၊ ၁၉၇၆၊ ၂၀၀၆နှင့် ၂၀၀၈ ခုနှစ်များတွင် ရင်ဆိုင်ခဲ့သဖြင့် လူနှင့်တိရိစ္ဆာန်များသေဆုံးခဲ့ရပြီး အဆောက်အအုံများပျက်စီးခဲ့သည်။နှစ်စဉ်မိုးရေချိန်လက်မ ၁၀၀ အထက်ရွာသွန်းလေ့ရှိသည့် ကျိုက်လတ်မြို့နယ်တွင် စပါးကို အဓိကစိုက်ပျိုးပြီး အုန်းသီး၊ ကွမ်းသီး၊ကွမ်းရွက်၊ငှက်ပျောနှင့်သရက်များလည်းထွက်ရှိသည်။မြို့နယ်အတွင်း၌ ဆန်စက် ၄၃ လုံးနှင့် တစ်နိုင်တစ်ပိုင်ကြိတ်ခွဲသည့် ဟာလာဆန်စက် ၂၀၂ လုံးရှိကာ ရန်ကုန်နှင့်အညာဒေသများသို့ ဆန်များကိုတင်ပို့ရောင်းချသည်။

            ပူအိုက်စွတ်စိုသည့်ရာသီဥတုရှိသော ကျိုက်လတ်မြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၃၉ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့သည့်သုံးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၁၆ ဒသမ ၀၈ လက်မရွာသွန်းခဲ့သည်။မြို့နယ်အတွင်း၌ သဘာဝပေါက်ပင်များ ဖြစ်သည့် ကုက္ကို၊လမု၊မိုးမခ၊ဓနိပင်များပေါက်ရောက်လျက်ရှိကာ တောရိုင်းတိရိစ္ဆာန်များမရှိချေ။

ကျိုက်လတ်မြို့နယ်တွင် ဗမာလူမျိုးများကအများဆုံးနေထိုင်ကြကာ ကရင်တိုင်းရင်းသားများလည်းနေထိုင်ကြသည်။၂၀၁၈ ခုနှစ်၊စက်တင်ဘာလကုန်အထိ ကျိုက်လတ်မြို့နယ်လူဦးရေသည် ၁၉၅၀၅၂ ဦးဖြစ်၍ မြို့နယ်လူဦးရေ၏ ၉၀ ဒသမ ၉၉ ရာခိုင်နှုန်း (၁၇၇၄၉၁ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ဟိန္ဒူနှင့်အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။

            မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုး မြေဧက ၁၄၉၇၉၄ ဧကရှိ၍ နွေစပါးနှင့်မိုးစပါးကို အများဆုံးစိုက်ပျိုးသည်။ဆန်စပါးထွက်ရှိမှုမြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်ဖူလုံမှု ၅၂၈ ဒသမ ၃၅ ရာခိုင်နှုန်းရှိခဲ့သည်။ထို့အတူ ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ၇၈ ခုမှ ငါးတန်ချိန် ၇၄၀ နှင့် ပုဇွန် ၁၉၃ တန် ထုတ်လုပ်နိုင်ခဲ့သည်။

            ကျိုက်လတ်မြို့နယ်တွင် ပညာရေးကဏ္ဌ၌ အစိုးရစက်မှုသိပ္ပံတစ်ကျောင်း၊အစိုးရအထက်တန်းကျောင်း ၁၁ ကျောင်း၊ အထက်တန်းကျောင်းခွဲ ရှစ် ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၁၅ ကျောင်း၊မူလတန်းလွန် ၃၂ ကျောင်း၊ အစိုးရမူလတန်းကျောင်း ၁၂၁ ကျောင်းဖွင့်လှစ်ထားသကဲ့သို့ ကျန်းမာရေးကဏ္ဌတွင် ကုတင် ၅၀ ဆန့် မြို့နယ်ဆေးရုံ အပါအ၀င် အစိုးရဆေးရုံ တစ်ရုံ၊တိုက်နယ်ဆေးရုံ တစ်ရုံနှင့် အစိုးရဆေးပေးခန်း သုံးခန်းဖွင့်လှစ်ထားသည်။ထို့အတူ ကျေးလက် ကျန်းမာရေးဌာန ခုနစ် ခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၄ ခု ဖွင့်လှစ်ထားသည်။

ဘာသာရေးကဏ္ဌ၌ ကျိုက်လတ်မြို့နယ်တစ်ခုလုံးတွင် ဘုရားစေတီပေါင်း ၅၂၃ ဆူရှိသည့်အနက် ကျိုက်လတ်မြို့ပေါ်ရှိ တိလောကမာရဇိန်၊ စန္ဒာမုနိနှင့် ရပ်တော်မူဘုရားတို့သည် အထူးထင်ရှားကြသည်။မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၂၂၈ ကျောင်း နှင့်သီလရှင်ကျောင်း ရှစ် ကျောင်းရှိပြီး ရဟန်း ၈၃၆ ပါးနှင့် သာမဏေ ၂၈၄ ပါးသီတင်းသုံးနေထိုင်ကြသည်။

ယခင်က ကျိုက်လတ်မြို့နယ်သူနယ်သားများသည် သယ်ယူပို့ဆောင်သွားလာရေးတွင် ရေလမ်းကိုသာအသုံးပြုခဲ့ကြရ သည်။ ရေလမ်းကြောင်းအတိုင်းရန်ကုန်မြို့မှ ၄၈ မိုင်၊ မအူပင်မြို့မှ ၁၆ မိုင်၊ မော်လမြိုင်ကျွန်းမြို့မှ ၄၅ မိုင်ကွာဝေးသည့် ကျိုက် လတ်မြို့ကို ဖြတ်သန်း၍ ရန်ကုန် မအူပင် ကျိုက်လတ် ဖျာပုံ ဘိုကလေး မော်တော်ကားလမ်းကို၁၉၉၇ ခုနှစ်တွင်ဖောက်လုပ်ခဲ့သည်။

 

ဘိုကလေးမြို့သို့

            ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းတွင် လွန်ခဲ့သည့်နှစ် ၁၀၀ ကျော်က ဘိုကလေးမြို့နေရာသည် သားကောင်များပေါ များ သည့် တောနက်ကြီးတစ်ခုဖြစ်ခဲ့ကြောင်းဖော်ပြထားသည်။မြန်မာ့စွယ်စုံကျမ်းတွင် နှစ်ခဲ့သည့် နှစ် ၆၀-၇၀ ခန့်က ယခုဘိုကလေးမြို့ တစ်ဖက်ကမ်းတွင် ကနစိုတောကြီးရှိခဲ့ကြောင်း၊ အင်္ဂလိပ်ကပြား မုဆိုးတစ်ဦးသည် ယခုဘိုကလေးမြို့အနီးရှိ နတ်ချောင်းဝတွင် ဗိုလ် တဲသဏ္ဌာန် အိမ်တစ်လုံးတွင် နေထိုင်ခဲ့ကြောင်း၊နတ်ချောင်းကမ်းစပ်တွင် အိမ်လေးငါးလုံးရှိခဲ့ပြီး ယင်းနေရာအား အင်္ဂလိပ်ကပြား မုဆိုးကို အစွဲပြုလျက် ဗိုလ်တဲစုဟုခေါ်ဆိုခဲ့ရာမှ တစ်စတစ်စလူနေထိုင်မှုများပြားလာချိန်တွင် ဗိုလ်ကလေး(ဘိုကလေး)ဟု ခေါ်တွင်ခဲ့ ကြောင်း ရေးသားထားသည်။

            ဘိုကလေးမြို့နယ်သည် အရှေ့မှအနောက်သို့၃၃ ဒသမ ၉၄ မိုင်နှင့်တောင်မှမြောက်သို့ ၃၈ ဒသမ ၀၂ မိုင်ရှည်လျားကာ ဧရိယာ ၈၆၈ ဒသမ ၈၈ စတုရန်းမိုင်ကျယ်ဝန်းပြီး ဘိုကလေးမြို့သည် ၁ ဒသမ ၅၅ စတုရန်းမိုင်ကျယ်ဝန်းသည်။ ဘိုကလေးမြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက်အမြင့်သည် ပျမ်းမျှ ၈ ဒသမ ၂ ပေဖြစ်သည်။

            ဘိုကလေးနယ်ကို ရပ်ကွက် ၁၀ ခု၊ကျေးရွာအုပ်စု ၇၆ အုပ်စု၊ကျေးရွာ ၅၇၅ ရွာဖြင့် ဖွဲ့စည်းကာ ဘိုကလေးမြို့နယ်၏ အရှေ့ ဘက်တွင် ဖျာပုံမြို့နယ်၊အနောက်ဘက်တွင် လပွတ္တာနှင့်မော်လမြိုင်ကျွန်းမြို့နယ်၊တောင်ဘက်တွင်အမာမြို့နှင့်မြောက်ဘက်တွင် ကျိုက်လတ်မြို့နယ် တည်ရှိသည်။

ပူအိုက်စွတ်စိုသည့်ရာသီဥတုရှိသော ဘိုကလေးမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၄၀ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့ သည့် သုံးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၁၃၂ ဒသမ ၆၆ လက်မရွာသွန်းခဲ့သည်။မြို့နယ်အတွင်း၌ ကနစို၊လမုအပါအ၀င် သဘာဝပေါက်ပင်များပေါက်ရောက်လျက်ရှိကာ တစ်ချိန်ကမီးသွေးဖုတ်သည့်လုပ်ငန်းကိုတွင်ကျယ်စွာပြုလုပ်ခဲ့သည်။ဘိုကလေး မြို့ နယ်၌ နို့တိုက်သတ္တ၀ါမျိုးစိတ် ၁၄မျိုး၊တွားသွားနှင့်ကုန်းနေရေနေသတ္တ၀ါမျိုးစိတ် ၃၆ မျိုး၊လိပ်ပြာမျိုးစိတ် ၃၅မျိုး၊ ငှက်မျိုးစိတ် 

၁၄၈ မျိုး၊ ငါးမျိုးစိတ် ၆၂မျိုး၊ ပုဇွန်မျိုးစိတ် ၁၂မျိုးနှင့် ဂဏန်းမျိုးစိတ် ကိုးမျိုး နေထိုင်ကျက်စားလျက်ရှိပြီး ရေချိုရေငန်စပ်မိကျောင်း များကိုတွေ့ရှိနိုင်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် ဘိုကလေးမြို့နယ်၏လူဦးရေသည် ၃၄၅၄၄၀ ဦးဖြစ်၍ ဗမာလူမျိုးများက အများ ဆုံးဖြစ်၍ ကရင်နှင့်ရခိုင်တိုင်းရင်းသားများလည်းနေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၉၅ ဒသမ ၆၄ ရာခိုင်နှုန်း(၃၃၀၃၈၈ ဦး) သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ဟိန္ဒူနှင့်အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။

            မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုးမြေဧက ၃၃၀၆၈၄ ဧကရှိ၍ နွေစပါးနှင့်မိုးစပါးကို အများဆုံးစိုက်ပျိုးကြသည်။ဆန်စပါးထွက်ရှိမှုမြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်ဖူလုံမှု ၄၃၅ ဒသမ ၄၂ ရာခိုင်နှုန်းရှိခဲ့သည်။ထို့အတူ ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ၃၆၂ ခုမှ ငါး တန်ချိန် ၂၈၀၀၀ နှင့်ပုဇွန်တန်ချိန် ၃၈၇၆၀ ထုတ်လုပ်နိုင်ခဲ့သည်။

            ဘိုကလေးမြို့နယ်အတွင်း၌ ပညာရေးကဏ္ဌတွင် အစိုးရအထက်တန်းကျောင်း ၁၄ ကျောင်း၊အထက်တန်းကျောင်းခွဲ ခုနစ် ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၁၇ ကျောင်း ၊အလယ်တန်းကျောင်းခွဲ ၅၂ ကျောင်း၊မူလတန်းလွန် ၆၄ ကျောင်း၊ အစိုးရမူလ တန်းကျောင်း ၃၃၃ ကျောင်းဖွင့်လှစ်ထားသကဲ့သို့ကျန်းမာရေးကဏ္ဌတွင် ကုတင် ၁၀၀ ဆန့်မြို့နယ်ပြည်သူ့ဆေးရုံ၊တိုက်နယ်ဆေးရုံ ခြောက်ရုံ ၊ကျေးလက်ကျန်းမာရေးဌာန ၁၁ ခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၆၆ ခုကို ဖွင့်လှစ်ထားသည်။

            ဘာသာရေးကဏ္ဌ၌ ဘိုကလေးမြို့နယ်တွင် ဘုရား၊စေတီ၊ပုထိုးစုစုပေါင်း ၅၇၀ ဆူရှိသည့်အနက် မြို့ပေါ်ရှိ အောင်စကြာ စေတီ၊အောင်တော်မူဘုရား၊မြစိမ်းရောင်ဘုရားနှင့်ပေချောင်းကျေးရွာရှိ ကံ့ကော်တစ်ထောင်ဘုရားတို့သည် အထူးထင်ရှားသည်။

မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၄၄၀ နှင့် သီလရှင်ကျောင်း ၁၄ ကျောင်းရှိ၍ ရဟန်း ၁၄၀၉  ပါး၊ သာမဏေ ၅၉၈ ပါးနှင့် သီလရှင် အပါး ၅၀ သီတင်းသုံး နေထိုင်ကြသည်။

 

ဒေးဒရဲမြို့သို့

            ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် ဒေးဒရဲမြို့သည် ရန်ကုန်မြို့နှင့်အနီးဆုံးဖြစ်ကာ ဒလမြို့မှ ၅၆၅ ကီလို မီတာသာကွာဝေးပြီး ၄၀၈၈ ပေရှည်လျားသည့် ဒေးဒရဲတံတားကို ၂၀၀၃ ခုနှစ်တွင် တည်ဆောက်ခပြီးနောက် ဒေးဒရဲမြို့သို့ မော် တော်ယာဉ်ဖြင့် အချိန်တိုအတွင်းသွားရောက်နိုင်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှတ်တမ်းများအရ ဒေးဒရဲမြို့သည် ခရစ်နှစ် ၁၄၇၅ ခုနှစ်မတိုင်မီကပင်ရှိခဲ့ပြီး မွန်လူမျိုးများနေထိုင် ခဲ့ကာ မွန်ဘာသာဖြင့် ဒေးဒြဲာဟုခေါ်ဆိုခဲ့ကြသည်။ဒေးသည်ကုန်း၊ဒြဲာသည် သမင်ဟုအဓိပ္ပာယ်ရှိသဖြင့် သမင်များနေထိုင်သည့်ကုန်း ဟု ဆိုလိုသည်။ ကာလရွေ့လျောလာချိန်တွင် ဒေးဒြဲာမှ ဒေးဒရာယ်၊ဒေးဒရဲဟု ပြောင်းလဲခဲ့သည်။လွတ်လပ်ရေးရရှိပြီးချိန်တွင် ဒေးဒရဲ ကို အထက်ပိုင်းနှင့်အောက်ပိုင်းဟု သူကြီးပိုင်နယ်မြေနှစ်ခုထားရှိခဲ့ကာ ၁၉၆၄ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခဲ့သည်။၁၉၇၂ ခုနှစ် တွင် ဒေးဒရဲမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။

ဒေးဒရဲမြို့နယ်သည် အရှေ့မှအနောက်သို့ ၂၅ မိုင်နှင့်တောင်မှမြောက်သို့ ၁၇ မိုင်ရှည်လျားကာ ဧရိယာ ၄၀၁ ဒသမ ၇၁၄ စတုရန်းမိုင်ကျယ်ဝန်းပြီး ဒေးဒရဲမြို့သည် ၁ ဒသမ ၄၁ စတုရန်းမိုင်ကျယ်ဝန်းသည်။ဒေးဒရဲမြို့နယ်၏ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်သည် ပျမ်းမျှ ၈ ဒသမ ၃ ပေဖြစ်သည်။

            ဒေးဒရဲမြို့နယ်ကို ရပ်ကွက် ၃ ခု၊ကျေးရွာအုပ်စု ၉၀ အုပ်စု၊ကျေးရွာ ၃၉၀ ဖြင့် ဖွဲ့စည်းထားကာ ဒေးဒရဲမြို့နယ်၏ အရှေ့ ဘက်နှင့် တောင်ဘက်တွင် မုတ္တမပင်လယ်ကွေ့၊အနောက်ဘက်တွင် ဖျာပုံနှင့်ကျိုက်လတ်မြို့နယ်နှင့်မြောက်ဘက်တွင် ကွမ်းခြံကုန်း နှင့် ကော့မှူးမြို့နယ်တို့တည်ရှိကြသည်။

ပူနွေးစွတ်စိုသည့်ရာသီဥတုရှိသော ဒေးဒရဲမြို့နယ်သည် အပူချိန် ၁၈ ဒီဂရီနှင့် ၄၀ ဒီဂရီ စင်တီဂရိတ်အတွင်းရှိ၍ လွန်ခဲ့ သည့် သုံးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၉၇  ဒသမ ၀၁ လက်မရွာသွန်းခဲ့သည်။မြို့နယ်အတွင်း၌ ကနစို၊လမု၊ကုက္ကိုအပါအ၀င် သဘာဝပေါက်ပင်များပေါက်ရောက်လျက်ရှိပြီး တောရိုင်းတိရိစ္ဆာန်များမရှိချေ။

၂၀၁၈ ခုနှစ် စက်တင်ဘာလကုန်တွင် ဒေးဒရဲမြို့နယ်၏လူဦးရေသည် ၂၂၈၆၀၇ ဦးဖြစ်၍ ဗမာလူမျိုးများက အများဆုံး ဖြစ်၍ ကရင်တိုင်းရင်းသားများလည်းနေထိုင်ကြသည်။ မြို့နယ်လူဦးရေ၏ ၉၈ ဒသမ ၄၆ ရာခိုင်နှုန်း(၂၂၅၁၀၀ ဦး)သည် ဗုဒ္ဓဘာ သာကို ကိုးကွယ်ကြ၍ ခရစ်ယာန်၊ဟိန္ဒူနှင့်အစ္စလာမ်ဘာသာတို့ကို ကိုးကွယ်သူများလည်းရှိသည်။

            မြို့နယ်နေပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်မွေးမြူရေးလုပ်ငန်းတို့ဖြင့် အဓိကအသက်မွေးကြကာ မြို့နယ်အတွင်း၌ အသားတင်စိုက်ပျိုးမြေဧက ၁၈၉၆၆၂ ဧကရှိ၍ နွေစပါးနှင့်မိုးစပါးကို အများဆုံးစိုက်ပျိုးကြသည်။ဆန်စပါးထွက်ရှိမှုမြင့်မားသဖြင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဆန်ဖူလုံမှု ၄၁၆ ဒသမ ၆၁ ရာခိုင်နှုန်းရှိခဲ့သည်။ထို့အတူ ရေချိုရေငန်ငါးဖမ်းလုပ်ငန်း ၁၀၈ ခုမှ ငါး ၇၇၃၁ တန်နှင့်ပုဇွန် ၈၃၇၅၆ တန် ထုတ်လုပ်နိုင်ခဲ့သည်။

            ဒေးဒရဲမြို့နယ်၌ ပညာရေးကဏ္ဌတွင် အစိုးရအထက်တန်းကျောင်း ၁၈ ကျောင်း၊အထက်တန်းကျောင်းခွဲ ၁၀ ကျောင်း၊ အစိုးရအလယ်တန်းကျောင်း ၂၉ ကျောင်း ၊အလယ်တန်းကျောင်းခွဲ တစ် ကျောင်း၊ အစိုးရမူလတန်းကျောင်း ၁၆၀ ဖွင့် လှစ်ထား သကဲ့သို့ ကျန်းမာရေးကဏ္ဌတွင် ကုတင် ၅၀ ဆန့်မြို့နယ်ပြည်သူ့ဆေးရုံ၊တိုက်နယ်ဆေးရုံ လေး ရုံ ၊ကျေးလက်ကျန်းမာရေးဌာန ၁၀ ခုနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲ ၅၂ ခုကို ဖွင့်လှစ်ထားသည်။

            ဘာသာရေးကဏ္ဌ၌ ဒေးဒရဲမြို့နယ်တွင် ဘုရား၊စေတီ၊ပုထိုးစုစုပေါင်း ၃၈၅ ဆူရှိသည့်အနက် ဒေးဒရဲမြို့ပေါ်ရှိ ကျိုက်ဒေး ယျုံစေတီနှင့်ရွှေဘုန်းပွင့်ဘုရားတို့သည် အထူးထင်ရှားကြသည်။ မြို့နယ်အတွင်း၌ ဘုန်းကြီးကျောင်း ၂၆၆ ကျောင်းရှိ၍ ရဟန်း ၉၂၆ ပါးနှင့်သာမဏေ ၅၂၃ ပါးသီတင်းသုံးနေထိုင်ကြသည်။

            အေးချမ်းသာယာသည့်မြစ်ဝကျွန်းပေါ်ဒေသ၊ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖျာပုံခရိုင်သည် မြန်မာနိုင်ငံပြည်သူများ အတွက် စားရေရိက္ခာဆန်စပါးကိုအများအပြားထုတ်လုပ်ပေးနေကာ ပြည်သူများ၏ လူမှုစီးပွားဘ၀များသည် ပုံမှန်တိုးတက် နေကြောင်း မြင်တွေ့ခဲ့ရပေသည်။

 

ကိုးကားမြန်မာ့စွယ်စုံကျမ်း အတွဲ(၂)(၅)(၇)(၈)

မြို့နယ်ဒေသဆိုင်ရာအချက်အလက်များ(ဖျာပုံကျိုက်လတ်၊ဘိုကလေး၊ဒေးဒရဲ)

 

မြန်မာ့အလင်းသတင်းစာ ၃၁ ၊ ၃ ၊ ၂၀၂၀ ။




Comments

Popular posts from this blog